တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

တောင်ဥက္ကလာပ မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ်(၁၁)ရပ်ကွက်၌  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်မှုဖြင့်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှတ်(၁၁)ရပ်ကွက်၊ မေတ္တာလမ်း၊ မေတ္တာရေကန်ဘေးပတ်ဝန်းကျင်၌ ခြင်များခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သော ဗူး၊ ခွက်၊ တာယာဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု ကင်းဝေစေရေး အတွက်အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်း၊ ခြင်များခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် ခြင်ဆေးများမှုတ်ပေးခြင်းစသည်ဖြင့် ရပ်ကွက်နေပြည်သူများ သွေးလွန်တုပ်ကွေး ရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများဖြစ်ပွားခြင်းမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ‌နေထိုင်နိုင်ရေး အတွက် အလေးထားဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)