လယ်ဝေး မေ ၂၁
ကျေးလက်နေတောင်သူများ လယ်ယာလုပ်သားရှားပါးမှုကို ဖြေရှင်းပေးနိုင်ရန်၊ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရန်နှင့် မျိုးစေ့ကုန်ကျမှု သက်သာစေရန်အတွက် လယ်ဝေးမြို့ အမှတ်(၄၇) စက်မှုလယ်ယာစခန်းမှ လေစုပ်အား သုံးမျိုးစေ့ချ ကိရိယာ (Pneumatic Seeder) ဖြင့် ပေါက်မြိုင်ကျေးရွာအုပ်စု၊ ဆီဆုံကုန်းကျေးရွာတွင် အစေ့ထုတ်ပြောင်း စိုက်ပျိုး ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ (Pneumatic Seeder) ဖြင့်စိုက်ပျိုးလျက်ရှိသည့်နေရာသို့ ယမန်နေ့နံနက်ပိုင်းက စက်မှုလယ်ယာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်တိုင်းဦးစီးဌာနမှူးနှင့် ခရိုင်ဦးစီးဌာနမှူးတို့ ကွင်းဆင်းသွားရောက်၍ တောင်သူများနှင့် တွေ့ဆုံကာ လိုအပ်ချက်များအား မေးမြန်းဆွေးနွေးသည်။ ဒေသခံအစေ့ထုတ်ပြောင်းစိုက်ပျိုးသည့် တောင်သူများက လေစုပ်အားသုံး မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးပေးသည့် အတွက်အဆင်ပြေပြီး ကုန်ကျစရိတ်သက်သာသည့်အတွက် နှစ်သက်ကြကြောင်းပြန်လည်ဆွေးနွေးသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ၏ သီးနှံမျိုးစုံ ဧက ၃၀၀ ကျော်အား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)