ဘားအံ မေ ၂၁
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ဗဟို)မှ ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်များပေးအပ် ချီးမြှင့်ခြင်း မဟာမင်္ဂလာအခမ်းအနားကို မေလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ဗဟို)မှ တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့သည် ပြည်နယ်ဩဝါဒါစရိယ ဇွဲကပင်တောင် ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကဝိဓဇ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)(ဗဟို) နာယကဦးစိန်သန်းက ဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တော်ရရှိသော ဇွဲကပင်တောင် ဆရာတော်အားလည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ရရှိသော ကမော့လဲကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝေပုလ္လအားလည်းကောင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ဗဟို) နာယကဦးစိန်သန်းက မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ရရှိသော အတုလမာရ်အောင်ကြာအင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘိတအားလည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးက မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့ရရှိသော ဝဲကင်းအံကျောင်းတိုက်ဆရာတော်သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တသုန္ဒရအားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ရရှိသော ကမမောင်းမြို့၊ ရွှေမြတ်မျိုးကြွယ်ကျောင်း တိုက်အုပ်ဆရာတော်ဘဒ္ဒန္တသီရိဓမ္မအားလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက မဟာမင်္ဂလဓမ္မဇောတိ ကဓဇဘွဲ့ရရှိသော မြဝတီမြို့နယ် ညောင်နန်းသာကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တသောဘိတအားလည်းကောင်း ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ဗဟို)နာယကဦးစိန်သန်း က မဟာမင်္ဂလဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရရှိသော လူပုဂ္ဂိုလ်(၃)ဦးကိုလည်းကောင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်က မင်္ဂလဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ ဘားအံမြို့နေ ဒေါ်မြတင်နှင့် ဦးကြည်ရွှင်ထွန်းတို့အားလည်းကောင်း ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒုတိယတိုင်းမှူးတို့သည် ကြွရောက်ချီးမြှင့်တော်မူကြသော ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ထံငွေကျပ် ၇၅၅၀၀၀၀( ခုနှစ်ဆယ့် ငါးသိန်းငါးသောင်းကျပ်)ကို ပေးအပ်လှူဒါန်းကာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ဗဟို)မှ (၃၈)ဖြာမင်္ဂလာ စာအုပ်များအား ကရင်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်းထံ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် လှူဒါန်းမှုအစုစုတို့အတွက် ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကဝိဓဇထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
စောမျိုးမင်းသိန်း(ပြန်/ ဆက်)