ရန်ကင်းမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လမ်းပိတ်စို့မှုမဖြစ်စေရေး ပြိုလဲသစ်ပင်များအား ရှင်းလင်းဆောင်ရွက်

ရန်ကင်း မေ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၁၉-၅-၂၀၂၃ ရက်နေ့ (၁၈:၄၅) အချိန်ခန့်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁၆)ရပ်ကွက်၊ မိုးကောင်းလမ်း၊ ကျိုက္ကဆံရဲရိပ်သာ၊ ရဲတီးဝိုင်းလိုင်းခန်း၊ လိုင်း၂၆၊ အခန်း(စ)၊ အကျယ်အဝန်း(၂၀x၄၀)ပေ ခန့်ရှိ ဝန်ထမ်းနေအိမ်၊ လိုင်းခန်းအနောက်မှ လုံးပတ်(၄)ပေအမြင့်၊ ပေ(၆၀)ခန့်ရှိ ကုက္ကိုပင်မှာ အမြစ်မှကျွတ်၍ လိုင်းခန်းအဆောက်အဦပေါ်သို့ လဲကျနေကြောင်း သိရသည်။

အဆိုပါ သစ်ပင်လဲကျနေမှုအား ရန်ကင်းမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးထိန်လင်းဦးစီး၍ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦး၊ အရန်(၅)ဦး၊ တာမွေမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးမျိုးညီညီ ဦးစီး၍ (191) ရှာဖွေကယ် ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေ(၁၀)ဦး၊ မြို့နယ်စည်ပင် သာယာ (ပန်းဥယျာဉ်ဌာန)မှ ဝန်ထမ်း(၁၀)ဦး၊ မိုးစေတနာပရဟိတမှ အဖွဲ့ဝင်(၃)ဦးတို့ဖြင့် အဆောက်အဦပေါ် ကျရောက်နေမှုအား ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

သို့ဖြစ်ရာ အဆောက်အဦပေါ်သို့ သစ်ပင်လဲကျမှုအား ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ခဲ့ပြီး၊ ကျန်ရှိနေ သည့် သစ်ပင်သစ်ကိုင်းများအား  ယမန်နေ့နံနက်ပိုင်းအချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကရိန်းယာဉ်များဖြင့် ဆက်လက်ရှင်းလင်းဆောင်ရွက်ခဲ့ပြီး၊ လုပ်ငန်းဆောင်ရွက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။

အိရွှေစင်(ပြန်/ဆက်)