တောင်ကြီးမြို့၌ Grade-9 သင်ရိုးသစ်ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

တောင်ကြီး မေ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၌ Grade-9 သင်ရိုးသစ်ကို ကျောင်းဖွင့်ရာသီအမီ အရည်အသွေးပြည့်ဝစွာသင်ကြားပေးနိုင်ရေးအတွက် Grade-9 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာအလင်္ကာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းက အဖွင့်အမှာစကားပြောကြားပြီး တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုးက Grade-9 သင်ရိုးသစ်နှင့်ပတ်သက်၍လည်းကောင်း၊ တောင်ကြီးခရိုင်ပညာရေးမှူး ဒေါ်ယဥ်မင်းစုက သင်တန်းနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ အလယ်တန်းပြဆရာ၊ ဆရာမ ၈၆၀ ဦးအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ ၆၀၈ ဦးအား အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ ၅၉၆ ဦးအားအမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ ၇၄၅ ဦးအား အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ ၈၃၈ ဦးအား အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊၅၇၀ ဦးအား အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ ၃၀၂ ဦးအား အမှတ်(၁၂)အခြေခံပညာအလယ်တန်းကျောင်းတွင်လည်းကောင်း၊ စုစုပေါင်း ၄၅၁၉ ဦးအား မေ ၂၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း (ပြန်/ ဆက်)