မိုင်းပန်မြို့နယ်၌ အခြေခံဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မိုင်းပန်  မေ  ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ဝန်ထမ်းသား/ သမီးများ ကိုယ်ကျင့်တရားကောင်းမွန်စေရေး၊ ဘာသာတရားများကို ပိုမိုယုံကြည်လေးနက်လာစေရေးနှင့် လိမ္မာယဉ်ကျေးလာစေရေးအတွက် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လင်းခေးခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဒေါ်မဉ္ဇူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိုင်းပန်မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီဇာလှိုင်က မိတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒုတိယဦးစီးမှူး ဒေါ်နန်းဟေမာမြင့်က သင်ကြားမည့်ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းအား ယနေ့မှစတင်၍ မေလ ၂၂ ရက်နေ့အထိ နေ့လယ် ၁၂ နာရီမှ ၄ နာရီအတွင်း (၃)ရက်သင်ကြား‌သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား/ သူ စုစုပေါင်း (၆၇)ဦးရှိကြောင်း သိရသည်။

နော်မှိုင်း (ပြန်/ ဆက်)