ပုဗ္ဗသီရိ မေ ၂၁
ပုဗ္ဗသီရိမြိုနယ်၊ အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း၌ အောင်သီရိဖောင်ဒေးရှင်းမှပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံဖြိုးရေး အထောက်အပံ့များပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့သည်။
အခမ်းအနားတွင် အောင်သီရိဖောင်ဒေးရှင်း နာယကကြီး သီဟသူရဦးတင်အောင်မြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာ၌ လူငယ်များပညာရေးအတွက်စဉ်ဆက်မပြတ်ပညာ သင်ကြားနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု များနှင့်ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများ ထိရောက်အောင်ဆောင်ရွက်နိုင်ရေးနှင့် လူမှုရေးကိစ္စများတွင်လည်း တစ်ပိုင်တစ်နိုင်ပံ့ပိုးကူညီ ဆောင်ရွက်ပေး ခြင်းဖြစ်ပါကြောင်း၊ အားကစားဝါသနာပါရာ လူငယ်များစွာရှိပါကြောင်း၊ အဆိုပါ လူငယ်တွေကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ရေးအတွက် ယခုလို လှူဒါန်းမှုများ ပြုလုပ်ပေးခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး အောင်သီရိဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးအုန်းကျော်ကလှူဒါန်း ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ် ပညာရေးမှူးဒေါ်စန်းစန်းအေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အောင်သီရိဖောင် ဒေးရှင်း နာယကကြီး သီဟသူရဦးတင်အောင်မြင့်ဦးမှ လူရည်ချွန်ကျောင်းသားကျောင်းသူ သုံဦး အားတစ်ဦးလျှင် ငါးသိန်းကျပ်နှုန်းဖြင့် ဂုဏ်ပြုငွေကျပ် ၁၅ သိန်းနှင့်ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးခဲ့သည်။
ထို့နောက်တာဝန်ရှိသူများက လေဘေးသင့်ကယ်ဆယ်ရေးအလှူငွေ ကျပ်သိန်း ၁၀၀၊ ကျောင်းသုံး ရုံး သုံးဗလာစာအုပ် (၉၀၀၀) ဒါဇင်အတွက် တန်ဖိုးငွေကျပ် ၇၁၁ သိန်း၊ ပုဗ္ဗသီရိမြို့နယ် ကုတင် (၅၀)ဆံ့ပြည်သူ့ဆေးရုံအတွက် ဆေးပဒေသာပင်တန်ဖိုးငွေကျပ် ၄၀ သိန်း၊ ကျေးလက်ကျန်းမာ ရေးဌာနခွဲသုံးခုမှ ဝန်ထမ်း (၅၈) ဦးအတွက် ဝတ်စုံစရိတ်တစ်ဦးလျှင် ၅၀၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၂၉ သိန်း၊ သွေးလွန်တုပ်ကွေးကာကွယ်ရေးစီမံချက်အဖြစ် ကျန်းမာရေးဌာန ခွဲ(၃)ခုအတွက် ခြင်ဖြန်းဆေးနှင့် ဆီဘိုးအပါအဝင် တန်ဖိုးငွေကျပ် ၁၅ သိန်း၊ အားကစားရံပုံ ငွေအတွက် တန်ဖိုးငွေကျပ် ၅၀ သိန်း၊ စုစုပေါင်းအလှူငွေကျပ် ၉၄၅ သိန်းကို ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရီ)