တပ်ကုန်း မေ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း(ခွဲ) တပ်ကုန်းမြို့နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်းအခြေခံ သင်တန်း(၃/၂၀၂၃)ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပသည်။
“အခုလို ဦးစီးဌာနက စိတ်ကူးစိတ်သန်းကောင်းတဲ့ပညာရပ်များ အခမဲ့သင်ကြားပေးတာ ဝမ်းသာပါတယ်၊ ကျောင်းပိတ်ရက်ဆိုတော့ ကလေးတွေက ဖုန်းတွေကြည့်ပြီး အချိန်ကုန်နေပါတယ်၊ အခုလို ရှေးဦးပြုစုခြင်း အခြေခံသင်တန်းတက်ရောက်ခွင့်ရလို့ ကလေးတွေက အများအကျိုးသယ်ပိုးချင်တဲ့စိတ်တွေနဲ့ တီထွင်ဆန်းသစ်မှုများ ပိုမိုရရှိလာပါတယ်” လို့ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းတက်ရောက်သည့် သင်တန်းသူတစ်ဦး၏ မိခင်ဖြစ်သူက ပြောပြသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ကျောင်းသား၊ကျောင်းသူ ၂၅ ဦး တက်ရောက်ပြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း(ခွဲ) ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းကြက်ခြေနီအသင်းမှ တိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ ဥတ္တရခရိုင် ကြက်ခြေနီ အသင်းမှ ခရိုင်တပ်ဖွဲ့မှူး ဦးနိုင်ဝင်းစိုး၊ ခရိုင်ဒုတပ်ဖွဲ့မှူး ဦးညီညီအောင်၊ မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့မှူး ဒေါ်အေးအေးဆွေ၊ တပ်ခွဲမှူး ဒေါ်မြင့်မြင့်ကြည်တို့က သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ ကြက်ခြေနီ အခြေခံမူ(၇)ချက်၊ ရှေးဦးပြုစုနည်း၊ လူနာသယ်ဆောင်နည်း၊ ပတ်တီးစည်းနည်း၊ ရုတ်တရက် အသက် ဆို့နစ်ခြင်းပြုစုနည်း စသည့်ပညာရပ်များအား မေလ ၁၉ ရက်မှ ၂၁ ရက်နေ့ထိ စာတွေ့လက်တွေ့ သင်ကြားပေးကြောင်း သိရသည်။
တင်စိုးလွင်