ငါန်းဇွန် မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ လူထုစိန်ဝင်းရေးသားသော “စိတ်ချမ်းသာအောင် ဘယ်လိုနေရမလဲနှင့် အခြားဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက စာဖတ်ဝိုင်း ဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှုခြင်းကြောင့် အလေ့အကျင့်ကောင်းများရရှိစေခြင်း၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို နှီးနှောဖလှယ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ အဖွဲ့ဝင် ဒေါ်မေသန္တာဆွေက “စိတ်ချမ်းသာအောင် ဘယ်လိုနေရမလဲနှင့် အခြားဆောင်းပါးများ” စာအုပ်တွင်ပါရှိသည့် “စိတ်ချမ်းသာအောင်ဘယ်လိုနေရမလဲ” အကြောင်းအရာပါ စိတ်ညစ်လွယ်တာ၊ စိတ်ဓာတ်ပျော့ညံ့တာတွေဖြစ်ရတဲ့ အကြောင်းက ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချရမှု မရှိသည့်အတွက် ဖြစ်ရကြောင်း၊ စိတ်ချမ်းသာမှုကို ရရှိခံစားနိုင်စေရန် ကိုယ့်ကိုယ်ကို လိပ်ပြာသန့်အောင်၊ ကိုယ့်ကိုယ်ကို ရိုသေနိုင်အောင် ပြုမူကျင့်ကြံရန်လိုအပ်ကြောင်း၊ ကိုယ့်လုပ်ရပ်ဟာမှန်တယ်၊ တရားတယ်လို့ ကိုယ်တိုင်စွဲမြဲယုံကြည်ရင် ကြောက်ခြင်းတရား အားလုံးကင်းစင်မည်ဖြစ်၍ စိတ်ချမ်းသာမှုနဲ့ ပြည့်စုံမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး အဖွဲ့ဝင် ဦးထက်မြက်စိုးက “လူ့တန်ဖိုး” အကြောင်းအရာပါ လောကတွင် လူ့အဖိုးတန်နှင့် လူ့အချည်းနှီး နှစ်မျိုးရှိ ကြောင်း၊ ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး ကိုယ်ကျိုးရှာတဲ့သူကို ‘လူ့အချည်းနှီး’၊ ကိုယ်ကျိုးကိုမကြည့်ဘဲ အများအကျိုးကိုကြည့်တဲ့ လုပ်တဲ့သူကို ‘လူ့အဖိုးတန်’လို့ သတ်မှတ်ရမှာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ အဖွဲ့ဝင် မမို့မို့စံက “လူလိမ္မာနဲ့လူမိုက်” အကြောင်းအရာပါ ကိုယ်ကျိုးစီးပွားကို ထိခိုက်နစ်နာမယ့် ကိစ္စမှန်သမျှ ဘာမှမလုပ်ဘူး၊ ကိုယ့်အတွက် ကောင်းရာကောင်းကြောင်းတွေကိုသာ လုပ်မယ်ဆိုတဲ့ ‘လူလိမ္မာ’ မျိုးတွေနဲ့ချည်း တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုးကို တိုးတက်ကြီးပွားအောင် လုပ်လို့မရနိုင်ပါဘူး။ ကိုယ့်အတွက် နစ်နာချင် နစ်နာပါစေ၊ ထိခိုက်ချင် ထိခိုက်ပါစေ။ အများကောင်းကျိုးဖြစ်မယ်၊ နိုင်ငံနဲ့လူမျိုး တိုးတက်ကြီးပွားမယ် ဆိုရင်တော့ အနစ်နာခံ၊ အထိခိုက်ခံပြီး လုပ်မယ်ဆိုတဲ့ လူမိုက်မျိုးတွေလည်း ရှိနေမှသာ တိုင်းပြည်နဲ့ လူမျိုးတိုးတက် ကြီးပွားနိုင်လိမ့်မယ်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး လူထုစိန်ဝင်း၏ “စိတ်ချမ်းသာအောင် ဘယ်လိုနေရမလဲနှင့် အခြားဆောင်းပါးများ” စာအုပ်ပါ အကြောင်းအရာများကို စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)