တန့်ယန်း မေ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း ပျော်ရွှင်၍ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရန် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်ပြည်သူများစုပေါင်းကာ မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီက အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ပြည်သူများ စုစုပေါင်းအင်အား (၄၅၀)ဦး ခန့်က ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။ မင်းလွင်ဦး (ပြန်/ဆက်)