မင်းပြားမြို့ အ.ထ.က(၃)၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့နေသည့် သစ်ပင်ကြီးများ၊ သစ်ကိုင်းခက်များအား တပ်မတော်နှင့် ဌာနဆိုင်ရာများက ခုတ်ထွင်ရှင်းလင်း

မင်းပြား မေ ၂၀

ရခိုင်ပြည်နယ်မြောက်ဦးခရိုင်မင်းပြားမြို့နယ်တွင် မိုခါမုန်တိုင်းလေပြင်း တိုက်ခတ်ပြီးနောက် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်လျက်ရှိရာ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခြံဝင်းအတွင်း၌ ပိမိနေသောသစ်ပင် သစ်ကိုင်းများအား နယ်မြေခံတပ်မှ တပ်မတော်သားများဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်းပြီး ယနေ့နံနက် ၇ နာရီက ဆက်လက်ခုတ်ထွင် ဖယ်ရှားခဲ့သည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ခင်ဇော်၊ မင်းပြားမြို့နယ် မြေခံတပ်မှဗိုလ်မှုးကြီးဝင်းကိုတို့သည် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၏ အဆောက်အဦများ၊ ခြံဝင်း၊ ကျောင်းရှေ့လမ်း၊ ခြံစည်းရိုးနှင့် ရေနုတ်မြောင်းများတွင် အလွန်ပြင်းထန်သည့် မိုခါမုန်တိုင်းလေပြင်း တိုက်ခတ်မှုကြောင့် ကျိုးကျပျက်စီးနေသောသွပ်များအမှိုက်များ၊ ပိတောက်သင်းဝင်၊ ခမောင်း၊ ဗန်ဒါပင်စသည့် သစ်ပင်များမှ အကိုင်းအခက်အလက်များအား ချိန်းစက်ပုဆိန်ဓါး၊ ပေါက်တူးများဖြင့် ခုတ်ထွင်ရှင်းလင်းဖယ်ရှားခဲ့ရာသို့ သွားရောက်ကြည့်ရှုကာ အားပေးစကားပြောကြား​သည်။

ဆက်လက်ပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး မုန်တိုင်းကြောင့် ကျောင်းခေါင်မိုးများ ပျက်စီးဆုံးရှုံးနေမှုအား ကြည့်ရှုစစ်ဆေးပြီး မြို့အားလှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သိန်းနုအောင်