မြောက်ဦး မေ ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ ပစ္စည်းများကို နယ်မြေခံတပ်မမှူး ဦးဆောင်ဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယမန်နေ့ နေ့လယ်ပိုင်းအချိန်က အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ကျေးရွာ/အုပ်စု(၁၉) စုမှ လေဘေးသင့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ဆန်၊ဆီ၊ ဆား၊ ငပိ များကို အလယ်ချောင်းကျေးရွာ၊ ဇီးပင်ကြီးကျေးရွာ၊ရဲဖျားကျေးရွာ စသော ကျေးရွာ(၅၆) ရွာ ၊ အုပ်စု(၁၉) စု ၊အိမ်ထောင်စု(၅၄၁၈)စု၊ လူဦးရေ (၁၁၇၃၆) တို့အတွက် ဆန် (၆၁၂) အိတ် နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှလည်း အုပ်စု(၄) စု၊ကျေးရွာ(၇) ရွာမှ နေအိမ်များ လုံးဝပျက်စီးသွားသော ပြည်သူများအတွက် ပစ္စည်း(၁၇) မျိုးပါ အသုံးအဆောင်ပစ္စည်းများအား နယ်မြေခံတပ်မမှူး၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကလေဘေးသင့်ပြည်သူများ ကိုယ်စား ကျေးရွာအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် လေဘေးသင့်ပြည်သူများအား ဆက်လက်ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)