စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီး ဉီးအောင်နိုင်ဉီး မြန်မာ-တရုတ် နှစ်နိုင်ငံဝင်/ထွက်ဂိတ်များကို လာရောက် ကြည့်ရှုစစ်ဆေး

မူဆယ် မေ ၂၀

မြန်မာ-တရုတ် နှစ်နိုင်ငံစီးပွားရေးကူးသန်းရောင်းဝယ်မှုနှင့် လူဝင်လူထွက်နယ်စပ်ဂိတ်များဖြစ်သော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ လူဝင်/ထွက်ဂိတ် ဖြစ်သော နန်းတော်ဂိတ်၊ ဟိုဆောင်ဂိတ်၊ ပို့ကုန်သွင်းကုန်စီးပွားရေး ကူးသန်းရောင်းဝယ်ရေးအတွက် လူဝင်/ထွက်ဂိတ်နှင့် ကုန်တင်ယာဉ်ဝင်/ထွက် နယ်စပ်ဂိတ်များဖြစ်သော မန့်ဝိန်းဂိတ်နှင့် ဆင်ဖြူဂိတ်တို့ကို ယနေ့ နံနက်(၈း၂၀) အချိန်က စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး လာရောက် ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ရှေးဦစွာ စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက မန့်ဝိန်းဂိတ်သို့သွားရောက် ကြည့်ရှုပြီး နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေး တိုးတက်မြန်ဆန် စေရေးနှင့် လူဝင်/ထွက်မြန် ဆန်မှန်ကန် တိကျစေရေးတိုကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် လူဝင်/ထွက်နယ်စပ်ဂိတ်ဖြစ်သော နန်းတော် ဂိတ်ကို လှည့်လည်ကြည့်ရှုခဲ့ပြီး နှစ်နိုင်နိုင်ငံ လူဝင်/ထွက်အခြေအနေနှင့် နိုင်ငံကူးလက်မှတ်(BP) စာအုပ်ဖြင့် တရားဝင်ဖြတ်သန်း သွားလာနေသော ပြည်သူများနှင့် တရင်းတနှီး တွေ့ဆုံစကားပြောဆိုခဲ့ပြီး လိုအပ်သည်များကို မေးမြန်းခဲ့ကာ နယ်စပ်ဂိတ် တာဝန်ရှိသူများအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး နံနက် (၉း၁၀) မိနစ်အချိန်တွင် ဝန်ကြီးနှင့်အဖွဲ့ဝင်များက မူဆယ်နယ်စပ်မြို့၊ ဟိုဆောင်ဂိတ်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး နှစ်နိုင်ငံ ဝင်/ထွက်ဂိတ် အမှတ်(၄)ဟိုဆောင်ဂိတ် အဆောက်အဦးတွင် တာဝန်ကျမည့်ဌာနများ၏ နေရာချထားမှုပုံစံနှင့် တည်ဆောက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

အဆိုပါ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နှစ်နိုင်ငံနယ်စပ်ဂိတ်များသို့ လာရောက်ကြည့်ရှုရာတွင် မူဆယ်ခရိုင်၊ ကုန်သွယ်ရေးညွှန် ကြားရေးမှူး ဦးအောင်ဇော်မိုးနှင့်တကွ မူဆယ်ခရိုင်၊ အကောက်ခွန်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဦးဟန်ဝင်းဇော်၊ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး ဦးလှိုင်ကျော်မြင့်၊ ခရိုင်လဝက ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်း၊ မူဆယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်လင်း၊ လဝကဌာနခွဲ(၇) ဌာနခွဲမှူး ဦးငွေမိုးနှင့် သက်ဆိုင်ရာတာဝန်ရှိကြသူတို့က သွားရောက်တွေ့ဆုံခဲ့ကြပြီး ဝန်ကြီးက နယ်စပ်ကူး သန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရပါသည်။

ဆက်လက်၍လည်း ဝန်ကြီးနှင့်အဖွဲ့ဝင်များက မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်ရေးဂိတ်များ ဖြစ်သော ကျင်စန်းကျော့ဂိတ်နှင့် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ ဝမ်တိန်ဂိတ်တို့ကို နယ်စပ်ကုန်သွယ်စီဆင်းမှု အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများကလည်း လမ်းညွန်မှာကြားချက်များကို မြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း  လမ်းညွှန်မှာကြားကြောင်း သိရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)