ပြင်ဦးလွင် မေ ၂၀
မြန်မာနိုင်ငံကြက်ခြေနီအသင်း ၁၉၈၇ ခုနှစ်အထိ နည်းပြဆရာများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့တော်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ကြက်ခြေနီနည်းပြ ဆရာ/ဆရာမများက ဖွင့်ပွဲသီချင်းသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်မှ ပေးပို့သောသဝဏ်လွှာကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဗဟိုကောင်စီဝင်၊ ဒေါက်တာ သိန်းထွန်းဆောင်မှ ဖတ်ကြားရာ “ရှေးဦးသူနာပြုစုနည်းများကို ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ကြက်ခြေနီနည်းပြ ဆရာ/ဆရာမများက နည်းစနစ်တကျ ပြန်လည်သင်ကြားပေးခဲ့ကြသည့်အတွက် များစွာသော လူ့အသက်များကို ကူညီကယ်တင်ပေးနိုင်ခဲ့ကြောင်း၊ ယနေ့အခမ်းအနားတွင် ၁၉၆၀ ခုနှစ်မှ ၁၉၈၇ ခုနှစ်ကာလများတွင် ဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်းနည်းပြသင်တန်းများကို တက်ရောက်ခဲ့ကြသော နည်းပြဆရာကြီး/ဆရာမကြီးများအား တစ်စုတစ်စည်းတည်း ပြန်လည်တွေ့ဆုံခွင့်ရသည့်အတွက် မင်္ဂလာရှိသောနေ့ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့်လည်း ရှေးဦးပြုစုခြင်းပညာရပ်များကို ပြည်သူ လူထုအတွက် လွယ်လင့်တကူ လက်လှမ်းမီစွာဖြင့် လေ့လာတတ်ကျွမ်းစေရန်နှင့် ပိုမိုပြန့်ပွား နိုင်ရေး ရည်ရွယ်၍ ရှေးဦးပြုစုခြင်းနည်းပြ သင်တန်းများအား နှစ်စဉ်ဖွင့်လှစ်လျက်ရှိသကဲ့သို့ သင်တန်းတက်ရောက်ပြီးသည့် နည်းပြများ အနေဖြင့်လည်း မိမိတို့တတ်မြောက်ထားသည့် နည်းပညာများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းဖြန့်ဝေ သင်ကြားပေးခဲ့ကြသဖြင့် အရေးပေါ်အခြေအနေ ဆေးရုံ/ဆေးခန်း မရောက်ခင် ကူညီလိုအပ်နေသော ပြည်သူ ပေါင်းများစွာ၏အသက်ပေါင်းများစွာကို ကြက်ခြေနီများအနေဖြင့် ကူညီကယ်တင် ပေးနိုင်ခဲ့ကြောင်း၊ ကြက်ခြေနီများသည် မိမိတို့၏ စေတနာ ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ နှင့် စံနမူနာ စသည့် စိတ်ဓာတ်ကောင်းများဖြင့် နောင်အနာဂတ် မျိုးဆက်သစ်များနှင့် ကြက်ခြေနီစေတနာ့လုပ်အားရှင်များ အတုယူနိုင်စေရေး လက်ဆင့်ကမ်း အမွေပေးနိုင်ကြစေရေး ယုံကြည်မိပါကြောင်း၊ ကြက်ခြေနီစေတနာ့ လုပ်အားရှင်များသည် ခေတ်အဆက်ဆက် နှလုံးသားမှလာသည့် ကြက်ခြေနီစိတ်ဓာတ်ဖြင့် အကူအညီလိုအပ်နေသူ မည်သူ့ကိုမဆို ကြက်ခြေနီအခြေခံမူများနှင့်အညီ တတ်စွမ်းသမျှကူညီပေးနေကြသည့် နှလုံးသားလှသူများပီပီ အသင်းဝင်များအားလုံး တက်ညီလက်ညီဖြင့် အများအကျိုးအတွက် အတူတကွ ရှေ့ဆက် ကြိုးစားဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုကြောင်း ” ပြောကြားသည်။
ထို့နောက် ၁၉၈၇ ခုနှစ်အထိ နည်းပြဆရာများတွေ့ဆုံပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ကျော်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး တွေ့ဆုံပွဲဖြစ်မြောက်ရေးအတွက် အလှူငွေထည့်ဝင်ခဲ့ကြသော ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုဥက္ကဋ္ဌ အဂ္ဂမဟာသီရီသုဓမ္မ မဏိဇောတဓရ ဦးတင်မောင်၊ ဒေါက်တာ ခင်မောင်ကျော် ၊ ဦးမောင်လေးနှင့် အလှူရှင်များအား ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီး ပေးအပ်ချီးမြှင့်သည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ၁၉၈၇ ခုနှစ်အထိ နည်းပြဆရာများ တွေ့ဆုံပွဲအခမ်းအနားသို့ မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကြက်ခြေနီ နည်းပြဆရာ/ဆရာမများ အားလုံးစုံလင်စွာ တက်ရောက်ရန်ရှိသော်လည်း မိုခါမုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို သက်ဆိုင်ရာနယ်မြေများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်နေကြသည့်အတွက် (၁၅၂)ယောက်သာ ပါဝင်တက်ရောက်နိုင်ကြောင်း နည်းပြဆရာများ တွေ့ဆုံပွဲကျင်းပရေး ဦးစီးကော်မတီဝင် ဦးစိုင်းမောက်ဟိန်း၏ ပြောကြားချက် အရ သိရသည်။
ဖြူလူသစ်(ခရိုင်၊ ပြန်/ဆက်)