မန္တလေးရတနာပုံ တိရစ္ဆာန်ဥယျာဉ်မှ တိရစ္ဆာန် (၇)မျိုးကို မွေးစားခွင့်ပြုမည်

မန္တလေး၊ အောက်တိုဘာ ၇

မန္တလေးရတနာပုံ တိရစ္ဆာန်ဥယျာဉ်မှ တိရစ္ဆာန် (၇) မျိုးကို မွေးစားခွင့်ပြုမည်ဖြစ်ကြောင်း ရတနာပုံ တိရစ္ဆာန်ဥယျာဉ်မှ သိရသည်။

ရည်ရွယ်ချက်မှာ တိရစ္ဆာန်နှင့်လူအကြား ရင်းနှီးမှုများလာစေရန်နှင့် တိရစ္ဆာန်ချစ်သူများအနေဖြင့် မိမိ ချစ်မြတ် နိုးသော တိရစ္ဆာန်လေးများ၏ နေ့စဉ်အစာအာဟာရနှင့် လိုအပ်သောဆေးဝါး၊ ဖြည့်စွက်စာများကို ထောက်ပံ့ပေးနိုင်မှာဖြစ်ကြောင်း သိရသည်။

မွေးစားနိုင်သော တိရစ္ဆာန် (၇)မျိုးမှာ ခြင်္သေ့၊ ဆင်၊ ရေမြင်း၊ မြင်းကျား၊ ကျား၊ ကုလားအုတ်၊ မိကျောင်းဖြစ်ပြီး တိရစ္ဆာန်ချစ်သူများအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်စု၍ဖြစ်စေ တိရစ္ဆာန်လေးများကို တစ်လ၊ သုံးလ၊ ခြောက်လ မိမိနှစ်သက်ရာအချိန်ကာလကို ရွေးချယ်ကာ မွေးစားနိုင်ကြောင်း သိရသည်။

အဆိုပါ တိရစ္ဆာန်လေးများအား မွေးစားမည့် တိစ္ဆာန်ချစ်သူများကို အသိမှတ်ပြု Certificate ထုတ်ပေးခြင်း၊ ဥယျာဉ်သို့အခမဲ့ဝင်ရောက်နိုင်သော Coupon များပေးခြင်းနှင့် ကမ္ဗည်းမှတ်တမ်းတင်ပေးခြင်းတို့အား ပြုလုပ်ပေး ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခြင်္သေ့တစ်ကောင်ကို တစ်လမွေးစားမည်ဆိုလျှင် ခြောက်သိန်းခုနစ်သောင်းကျပ်၊ ရေမြင်းတစ်ကောင်ကို တစ်လမွေးစားမည်ဆိုလျှင် တစ်သိန်းသုံးသောင်းကျပ်၊ ဆင်တစ်ကောင်ကို တစ်လမွေးစားမည်ဆိုလျှင် ခြောက်သိန်း တစ်သောင်းကျပ်၊ မြင်းကျားတစ်ကောင်ကို တစ်လမွေးစားမည်ဆိုလျှင် တစ်သိန်းခွဲကျပ်၊ ကျားတစ်ကောင်ကို တစ်လမွေးစားမည်ဆိုလျှင် ၇သိန်းကျပ်၊ ကုလားအုတ်တစ်ကောင်ကို တစ်လမွေးစားမည်ဆိုလျှင် ၂သိန်းလေးသောင်းကျပ်၊ မိကျောင်းတစ်ကောင်ကို တစ်လမွေးစားမည်ဆိုလျှင် ၅သောင်း ၆ထောင် ကျသင့်မည်ဖြစ်ကြောင်း ရတနာပုံတိရစ္ဆာန်ဥယျာဉ်မှ သိရသည်။

ထိပ်ထားနိုင်