မိုင်းကိုင် မေ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လူငယ်လူရွယ်များ သဘာဝ ပတ်ဝန်းကျင်ကိုချစ်မြတ်နိုးထိန်းသိမ်း ကာကွယ်တတ်စေရန် ရည်ရွယ်၍ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နွေရာသီ ရှမ်းစာပေနှင့်ယဉ်ကျေးမှု သင်တန်းမှ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦး က ဟောပြောပွဲနှင့် ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီးနောက် "တစ်ခုတည်းသော ကမ္ဘာမြေ"၊ "ပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာဖို့ သစ်ပင်စိုက်ကြစို့"၊ "ပလပ်စတစ်သုံးစွဲမှုတိုက်ဖျက်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး"၊ "သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ" စသည့် အကြောင်းအရာများကို တာဝန်ရှိသူများက အသိပညာပေးဟောပြောကြရာ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲကို ခင်းကျင်းပြသရာ တက်ရောက်လာ သူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)