ဝိုင်းမော်မြို့နယ်ရှိ ဝါရှောင်ရေလွှဲဆည်မှ ဆည်ရေသောက် ဧရိယာအတွင်းရှိ လယ်ယာမြေများအားလုံး စိုက်ပျိုးရေ လုံလောက်မှုရှိစေရေး ကချင်ပြည်နယ် ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မေ ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း အဓိကစိုက်ပျိုးရေပေးဝေရေး ရေလွှဲဆည်တစ်ခုဖြစ်သည့် နှစ်ပေါင်း (၆၀) ကျော်သက်တမ်းရှိ ဝါရှောင်ရေလွှဲဆည် ပြုပြင်ထိန်းသိမ်းနိုင်ရေးနှင့် စိုက်ဧကပိုမိုတိုးချဲ့ ရေပေးဝေနိုင်ရေး ရေလွှဲဆည်အထက် ရေလှောင်တမံတည်ဆောက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ဝါရှောင်ကျေးရွာအထက်ဘက်ရှိ ဝါရှောင်ရေလွှဲဆည် ရှင်းလင်းဆောင်၌ ပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဝါရှောင်ရေလွှဲဆည် ပင်မမြောင်းမကြီးမှ တစ်ဆင့် လက်တံမြောင်းများဖြင့် ဝိုင်းမော်မြို့နယ် အပါအဝင် ကျေးရွာပေါင်း   (၈) ရွာမှ လယ်ယာမြေဧက ၁၁၄၄၆ ဧကအတွက် ရေပေးဝေနိုင်မှုအခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက် ဆည်၊ ပင်မမြောင်းမကြီးနှင့် လက်တံမြောင်းများအား ပြုပြင်ထိန်းသိမ်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က အကျိုးပြုစိုက်ပျိုး ဧရိယာအားလုံးအတွင်း စိုက်ပျိုးရေ လုံလောက်မှုရှိစေရေး ရေလွှဲဆည်အထက် (၄) မိုင်အကွာတွင် ရေလှောင်တမံတည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် မိုးစပါးရိတ်သိမ်းပြီးချိန်တွင် ဆည်ရေဖြင့် နေကြာ၊ ပဲနှင့် ပဲပုတ် သီးထပ်သီးနှံစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝါရှောင်ရေလွှဲဆည်အတွင်း နန့်မြစ်ခချောင်းရေဝင်ရောက်မှု အခြေအနေများ၊ ရေလွှဲဆည်အား ကျောက်စီရေထိန်းနံရံများဖြင့် ပြုပြင် ထိန်းသိမ်းထားရှိမှု အခြေအနေများ၊ ရေလွှဲဆည်ရေ ထိန်းတံခါးကြံ့ခိုင်မှု အခြေအနေများနှင့် ပင်မ မြောင်းမကြီး အရှည် ၆၀၈၁၂ ပေအား ရေပို့လွှတ်နိုင်ရေး ရေထိန်းတံခါး ကြံ့ခိုင်မှုအခြေအနေနှင့် ပင်မမြောင်းပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နှစ်ပေါင်း (၆၀)ကျော်ကြာသက်တမ်းရှိ ဝါရှောင်ရေလွှဲဆည်အား စနစ်တကျ ပြုပြင်ထိန်းသိမ်းဆောင်ရွက် ထားရှိရေး၊ ဆည်အတွင်းသဲနှုန်းများ တူးဖော်စွန့်ထုတ်နိုင်ရေးနှင့် ပင်မမြောင်းမကြီးအား ဘဏ္ဍာနှစ်အလိုက် စီမံချက်ရေးဆွဲ၍ အပိုင်းလိုက် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နိုင်ရေးအပြင် လက်တံမြောင်းအလျား ၁၇၃၁၁၀ ပေကိုလည်း အလားတူ ထိန်းသိမ်းသွားနိုင်ရေးမှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါရှောင်ကျေးရွာနှင့် နန့်ဝါကျေးရွာအကြား  ကွင်းအမှတ် (၂၆) လယ်ဧက (၂၀၄)ဧကနှင့် ဝူယန်ကျေးရွာအတွင်း ကွင်းအမှတ် (၈၇/၈၈) လယ်ဧက ၁၄၀၀ တွင် ဆည်ရေဖြင့် မိုးစပါးအပါအဝင် သီးထပ်သီးနှံစိုက်ပျိုးနိုင်ရေး ထွန်ယက်ထားရှိမှု၊ မိုးစပါး ရိတ်သိမ်းချိန်နှင့် သီးထပ်သီးနှံစိုက်ပျိုးသွားမည့် အချိန်ကိုက် ရေလွှတ်နိုင်ရေးနှင့် နေကြာ၊ မြေပဲနှင့် ပဲပုတ်၊ ဖရဲစသည့် သီးထပ်မျိုးစေ့များ ဖြန့်ဝေနိုင်ရေး၊ စိုက်ပျိုးရေးသွင်းအားစုများ ပံ့ပိုးပေးနိုင်ရေး၊ ကျွဲနွားအန္တရာယ်အတွက် စိုက်ဧရိယာတစ်ခုလုံး ခြံခတ်ပေးနိုင်ရေးနှင့် နည်းစနစ်ကျ စိုက်ပျိုးရေး အတွက် တောင်သူများအားအသိပညာပေးပြီး စည်းရုံးဆောင်ရွက်သွားရေးတို့ကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဝူယန်ကျေးရွာအုပ်စုအတွင်း မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များမှ တစ်သျှူး ငှက်ပျော အပါအဝင် စိုက်ပျိုးရေးထုတ်ကုန်များအား တရုတ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ကချင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ အသင်းပိုင် KEP ရုံးဝင်းသို့ သွားရောက်ပြီး အသင်းဧရိယာအတွင်း ကုန်တွဲကားများ စနစ်တကျ ဆောင်ရွက်ထားရှိမှု၊ တွဲကားများ ပြုပြင်ထိန်းသိမ်းနိုင်ရေး ဝပ်‌ရှော့အဆောက်အအုံတည်ဆောက်နေမှု၊ ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်များအား ကိုဗစ်-၁၉ ထိန်းချုပ်ရေးညွှန်ကြားချက်နှင့်အညီ စစ်ဆေးဆောင်ရွက်သည့် အဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် မဒိန်ကျေးရွာအတွင်း ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနမှ ပြည်နယ်ရန်ပုံငွေဖြင့် စက်မှုလယ်ယာစနစ်ကျ လယ်မြေဧက ၁၀၀ ဖော်ထုတ်ရေး စီမံကိန်းဧရိယာအတွင်း လယ်မြေများ ဖော်ထုတ်ထားရှိမှု၊ ကုန်ထုတ်လမ်းနှင့် ရေသွင်း/ရေထုတ်မြောင်းများ ဆောင်ရွက်ထားရှိမှု၊ လယ်ယာမြေများအတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ပင်များ ဧက ၅ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေသွင်းစိုက်ပျိုးသည့် မိုးစပါးအပြင် သီးထပ်သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေလုံလောက်မှုရှိစေရေး ဆိုလာစနစ်ဖြင့် စက်ရေတွင်း (၅)တွင်း တူးဖော်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါ ဧက ၁၀၀ ကွင်းအနီး ပဋိညဉ် သာသနာ၏ မိဘမဲ့ကလေး စောင့်ရှောက်ရေးဂေဟာမှ တာဝန်ရှိသူများ၊ ကလေးများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်