အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် အောက်တိုဘာ   ၇

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေ လျှံမှုများ မဖြစ်ပေါ်စေရန် ၊ ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် နှင့် ခြင်များ ပေါက် ဖွားမှု မရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဉက္ကဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် ရေစီးရေလာတာဝန်ခံအဖွဲ့မှ ဆောင်ရွက်နေသည့် ကမ်းနားအလယ်ရပ်ကွက်၊ အ.ထ.က(၄)ကျောင်းရှေ့နှင့် ကျောင်းနောက် မြေတူးခြင်း၊အုတ်စီခြင်း၊ မြောင်းဖုံးများ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်နှင့်နံ့သာကုန်း ရပ်ကွက်၊ ဘူတာရုံလမ်း မြောင်းဖော်ခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းခွင်များသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန် အကြံပြုမှာကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများသည် စော်ဘွားကြီးကုန်းရပ်ကွက်၊သာယာလမ်း လမ်းပြင်သဲဖို့ နေသည့် လုပ်ငန်းသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။ အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)