မော်လမြိုင် မေ ၂၀
မွန်ပြည်နယ်အတွင်း အခြေခံပညာစာကျောင်းများမှာသန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ဥပတိရုပ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က ရွှေနတ်တောင်ကျောင်းနှင့် နောင်ခရီ ရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းဝင်းအတွင်း ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်း စိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး စိမ်းလန်းစိုပြေ၍ သန့်ရှင်းသာယာလှပမှုရှိစေရန်၊ ကျောင်းအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်သည် စာသင်ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်း၏ လိုအပ်ချက်များအား ဖြည်းဆည်း ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေး အတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာစာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)