ဗဟန်း မေ ၂၀
နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ ခရိုင်ဦးစီးမှူးက ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ အောင်ကောင်းဗိုလ်က "စာအုပ်စာပေ၊ လူ့မိတ်ဆွေ" ဆိုသည့်စကားအတိုင်း ကျောင်းသားလူငယ်များသည် စာအုပ်စာပေကို ချစ်မြတ်နိုးစွာ ဖတ်ရှုလေ့လာရန်နှင့် စာအုပ်စာပေများထံမှ အကျိုးရှိသော အနှစ်သာရများကို ကောက်နှုတ်မှတ်သားပြီး မိမိ အတွက်၊ တိုင်းပြည်အတွက် အသုံးချသွားရန် တို့ကိုဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်တို့ကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
စန္ဒာမိုး