မင်္ဂလာဒုံ မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော လူငယ်နှင့်မူးယစ်ဆေးအကြောင်း ကျန်းမာရေး အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်းမှ တစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။
အဆိုပါ လူငယ်နှင့်မူးယစ်ဆေးအကြောင်း ကျန်းမာရေးအသိပညာပေး Talk Show အစီအစဉ်တွင် မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝုန်လွန်းညောင်နှင့် မြို့နယ်စာရေးဆရာမ လမင်းအိမ် (ဥပဒေ)တို့က လူငယ်များ မူးယစ်ဆေးကို အသုံးပြုရသည့် အကြောင်းအရင်းများ၊ မူးယစ်ဆေးစွဲသူ၏ရောဂါ လက္ခဏာများ၊ လူငယ်များမူးယစ်ဆေးစွဲလာပါက မိဘများအနေဖြင့် နီးစပ်ရာ မူးယစ်ဆေးစွဲ ရောဂါကုဆေးရုံ များသို့ အချိန်မီ ပို့ဆောင်ကုသရေးစသည်တို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသေးစိတ်အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show များကို ထုတ်လွှင့်ပေးလျက်ရှိပြီး အဆိုပါ အသိပညာပေး အစီအစဉ်များကို မင်္ဂလာဒုံမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ရက် စာမျက်နှာတွင်လည်း အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိပါသည်။
မြတ်သူဇာ (မင်္ဂလာဒုံ)