သာစည် မေ ၂၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မိုးကြိုဝါစီမံကိန်းသီးနှံစိုက်ခင်းများအား ယမန်နေ့နံနက် ၁၀ နာရီခွဲက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုရာတွင် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် ခရိုင်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များသည် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ လိုက်ပါပြီး မိုးကြိုဝါစီမံကိန်းသီးနှံများ စိုက်ပျိုးထားသည့် ကျေးရွာစိုက်ကွင်းများသို့ ကွင်းဆင်းကြည့်ရှုကြရာ သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ရေကြီးနစ်မြုပ်မှုအခြေအနေများ၊ နည်းပညာများနှင့်ပံ့ပိုးဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ခရိုင်နှင့်မြို့နယ်တို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ယူရီးယားဓာတ်မြေဩဇာများ၊ မောနီးစတား အပင်အားတိုးဆေးနှင့် ရွှေတောနစ်အမြစ်အားတိုးဆေးများ ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
သာစည်မြို့နယ်၌ မိုးကြိုဝါစီမံကိန်းသီးနှံများကို ကျေးရွာအုပ်စု ၁၃ စုတွင် ၁၇၃၉ ဧက စိုက်ပျိုးထားပြီး သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် အောင်သာ၊ ရွာမွန်သာ၊ ဇီးပင်ပေါက်၊ မကျီးကန်၊ ကြက်မောက်နှင့် နှမ်းကန်ကျေးရွာအုပ်စုများတွင် ၂၆၂ ဧက ထိခိုက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)