မိုင်းယောင်း မေ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ပါဟုတ်ကျေးရွာတွင် နိုင်ငံ့စီးပွါးမြင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေရယူ၍ ဆောင်ရွက်သည့် မက္ကဒေးမီးယားအပင်များ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
မက္ကဒေးမီးယားကို အစိုဓာတ်ထိန်းသိမ်းမှုနည်းပါးသော သဲဆန်လွန်းသည့် မြေမျိုးမှလွဲ၍ မြေအမျိုးအစားအများအပြားတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ကြောင်း၊ ကိုင်းဆက်ပင်သည် သက်တမ်းလေးနှစ်၊ အစေ့စိုက်အပင်သည် သက်တမ်းခြောက်နှစ်တွင် စတင်သီးပွင့်ကြောင်း၊ အစိုဓာတ်ကောင်းမွန်သောဒေသများတွင် တစ်နှစ်ပတ်လုံး သီးပွင့်နိုင်ပြီး နှစ်ပေါင်း ၆၀ အထိ စီးပွားရေးတွက်ချေကိုက်သော ထွက်နှုန်းရရှိနိုင်ပြီး နှစ်ပေါင်း ၁၀၀ အထိ သီးပွင့်နိုင်ကြောင်း၊ စနစ်တကျထိန်းသိမ်းထားသည့် မက္ကဒေးမီးယားမျိုးသန့်ခြံတစ်ခြံမှ ရေမြေဒေသပေါ်မူတည်၍ ၁ ဧကလျှင် အခွံပါအစေ့ ၁ တန်မှ ၅ တန်ထိထွက်ပြီး အစေ့ဆံ ၀ ဒသမ ၃ တန်မှ ၂ တန်ထိ ရရှိကြောင်း၊ အပင်သက်တမ်း နှစ် ၂၀ နှင့် နှစ် ၃၀ ကြားသည် အသီးထွက် အကောင်းဆုံး ကာလဖြစ်ကြောင်း၊ ယနေ့နိုင်ငံတကာစျေးကွက်တွင် အစေ့ဆံ ၁ တန်လျှင် ဒေါ်လာ ၆၀၀၀ ဝန်းကျင်ရှိသဖြင့် တစ်ဧကလျှင် သိန်း ၆၀ မှ ၁၀၀ အထိ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)