မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက်(MYANWEN)နှင့် ဧရာဝတီဘဏ်(AYA Bank)တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး 

လမ်းမတော် မေ ၂၀

MYANWEN နှင့် AYA Bank တို့မှ အမျိုးသမီးများ ဦးဆောင်သော MSME အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် နားလည်မှု စာချွန်လွှာ (MOU)ကို ယမန်နေ့တွင် လမ်းမတော်မြို့နယ် UMFCCI ကုန်သည်စက်မှုအသင်းချုပ်ခန်းမ၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းနားလည်မှုစာချွန်လွှာတွင် ကောင်းမွန်သော ရည်ရွယ်ချက်များဖြစ်သည့်  MSME လုပ်ငန်းရှင်များ၏ ပြည်တွင်းထုတ်ကုန်များကို MYANWEN မှပြုလုပ်သော Made in Myanmar Fair များမှတဆင့် စျေးကွက်အတွင်းသို့  ဝင်ရောက်နိုင်စေရန်။ MSME လုပ်ငန်းများကို ပြည်တွင်း ဈေးကွက်တွင်သာမက ပြည်ပဈေးကွက် အထိချဲ့ထွင်နိုင်ရန်အတွက် စျေးကွက်ရှာဖွေသော အရောင်းပြပွဲများ၊ ကုန်သွယ်မှုပြပွဲများတွင် ပါဝင်ပြသနိူင်ရန်။ MSME လုပ်ငန်းရှင်များအတွက် အသိပညာနှင့် ကျွမ်းကျင်မှုများ တိုးတက်လာစေရန် ပြုလုပ်သော နှီးနှောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများကဲ့သို့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လှုပ်ရှားမှုများ၊ စီးပွားရေးနှင့် ပတ်သက်သော ပညာရေးဆိုင်ရာကဏ္ဍများတွင် အတူလက်တွဲဆောင်ရွက်ရန်။ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်း ရှင်များ၏ လုပ်ငန်းဘဏ္ဍာရေးလည်ပတ်ငွေများ(AYA Micro Loan)  လိုအပ်ပါက AYA Bank နှင့် MYANWEN အသင်းတို့မှ ပူးပေါင်း ဆောင်ရွက်ပေးသွားရန် တို့ပါဝင်သည်။

အဆိုပါ MOU ကို "မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် - Myanmar Women Entrepreneurs Network (MYANWEN)"၏ဒုတိယဥက္ကဌဒေါက်တာစုလှဟန်နှင့် ဧရာဝတီဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်” (Ayeyarwady Bank) ၏ Managing Director ဒေါ်သဇင်အောင်တို့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။ MOU လက်မှတ်ရေးထိုးပွဲသို့ ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒေါက်တာမျိုးသက်၊ ဒေါက်တာဝင်းစည်သူ၊ ဦးဆန်းလင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး များ ဖြစ်သော ဦးမျိုးသန့်၊ ဦးအောင်ဇေယျာလွင်၊ ဦးဇော်မင်းသန့်နှင့်တာဝန်ရှိသူများ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စုလှဟန်၊ အတွင်းရေးမှူး ဒေါ်သူဇာဝင်းနှင့် ဧရာဝတီဘဏ်မှ Managing Director ဒေါ်သဇင်အောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ကျော်ဆန်းမြင့်