လောက်ကိုင် မေ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဒေသဝမ်းစာဖူလုံရေးအတွက် စပါးမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို လောက်ကိုင်မြို့နယ် မန်ချူးကျေးရွာ မူလာတန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်မှ အဖွင့်အမှာစကားပြောကြားရာ တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့အတူ လက်တွဲပြီး စိုက်ပျိုးရေးကဏ္ဍကို ပိုမိုစိုက်ပျိုးထုတ်လုပ်လာနိုင်ပါက ဒေသဝမ်းစာဖူလုံလာမည်ဖြစ်ကြောင်း ဒေသခံတောင်သူများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းပြောကြားသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းနိုင်ဝင်းမှလည်း ကိုးကန့်ဒေသမှာ လူဦးရေ ၁၃၀၀၀၀ ကျော် နေထိုင်လျက်ရှိပြီး စပါးစိုက်ဧက ၁၀၀၀၀ ကျော်သာရှိပြီး နေ့စဉ်စားသုံးရန် ဆန်ဖူလုံမှုမရှိသဖြင့် အခြားဒေသမှ ဆန်များဝယ်ယူ စားသုံးရသောကြောင့် ဒေသနှင့်ကိုက်ညီတဲ့ ၅၀၂စပါး မျိုးတွေ ပေးအပ်သွားမှာပဲဖြစ်တယ်။ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှလည်း စပါးပျိုးထောင်ချိန်မှစ၍ ရိတ်သိမ်းချိန်ထိ ဆောင်ရွက်သင့်သည့် နည်းပညာလုပ်ငန်းစဉ်များကို ကူညီပြသပေးသွားမှာဖြစ်ကြောင်း မန်ချူးကျေးရွာအနေဖြင့် စပါးသီးနှံစိုက်ပျိုးရန် မြေနဲ့ရေအခြေအနေပေးတာကိုလည်း တွေ့ရကြောင်း။ မန်ချူးကျေးရွာ တောင်သူများအနေနဲ့ ယနေ့ပေးအပ်တဲ့ စပါးမျိုးစေ့နဲ့ ဟင်းသီး ဟင်းရွက်မျိုးစေ့များကို အကျိုးရှိရှိ စနစ်တကျအသုံးပြုပြီ မိမိဒေသမှာ ဆန်ဖူလုံပြီး ဟင်းသီးဟင်းရွက်တွေ အောင်မြင်စွာ စိုက်ပျိုးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက်တက်ရောက်လာသည့် မန်ချူးကျေးရွာမှ တောင်သူများအား တိုးချဲ့စိုက်ပျိုးမည့် စပါးစိုက်ဧက(၁၁၁)ဧကအတွက် ၅၀၂ မျိုးစပါးတင်း( ၁၆၅)တင်းနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့ထုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ညိုညိုဝင်း (လောက်ကိုင်)