ငါန်းဇွန်မြို့၌ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဆင်းပွဲကျင်းပ

ငါန်းဇွန် မေ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ ရတနဃရ သာသနဗိမာန်တော်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကလေးငယ်များကို အခြေခံ ကိုယ်ကျင့်တရားကောင်းများ သိရှိလိုက်နာကျင့် သုံးတတ်စေရန်၊ (၃၈) ဖြာ မင်္ဂလာတရားတော်နှင့်အညီ ပြုမူနေထိုင်တတ်စေရန်ရည်ရွယ်၍ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို မေ ၁၅ ရက်နေ့မှ စတင်ဖွင့်လှစ်ပို့ချခဲ့ရာ ယမန်နေ့ နံနက် ၁၁ နာရီခွဲက အဆိုပါသင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး သင်တန်းနည်းပြဆရာမ ဒေါ်သန်းစိန်က သင်တန်းသားများအား အမှာစကား ပြောကြားသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဉက္က ဒေါ်မြင့်မြင့်ခိုင်က သင်တန်းနည်းပြ ဆရာမများအား မေတ္တာလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား (၈၀)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)