ကျောက်တလုံးကြီး မေ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြည်သူများ သိသင့်သိထိုက်သော လူကုန်ကူးမှုကာကွယ်တားဆီးရေး အသိပညာပေးနံရံကပ်စာစောင်အား လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းမှစ၍ ခင်းကျင်းပြသထားလျက်ရှိသည်။
အဆိုပါ လူကုန်ကူးမှုကာကွယ်တာဆီးရေး အသိပညာပေးနံရံကပ်စာစောင်တွင် ကမ္ဘာ့နိုင်ငံအနှံအပြားတွင် နည်းလမ်းအမျိုးမျိုးဖြင့် လူကုန်ကူးလျက်ရှိသော လူကုန်ကူးဖြစ်စဉ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးဖြစ်ပွားရသည့် အကြောင်းရင်းများ၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အသိပေးတိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ဆောင်ပုဒ်များ၊ ဓာတ်ပုံများ၊ ကာတွန်းများ၊လူကုန်ကူးမှုနှင့် ပတ်သက်သည့် ကဗျာများ စသည့်အကြောင်းအရာစုံလင်စွာဖြင့် ပြသထားရာ ပြည်သူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။