တာလေ မေ ၂၀
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှစတင်ကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ စိတ်အေးချမ်းသာစွာ ပညာသင်ယူ၊ သင်ကြားနိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် ခရိုင်၊ တာလေမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၇ နာရီခွဲက သန့်ရှင်းရေး လုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဉီးအောင်ပြည့်ဖြိုး ဉီးဆောင်သော ဌာနဆိုင် ရာဝန်ထမ်းများ၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူး ထွန်းမျိုးအောင် ဉီးဆောင်သော တပ်မတော် သားများနှင့် တပ်မတော်သားမိသားစုဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ ပေါင်းမြက်များနှင့် ကျောင်းအဆာက်အဉီနှင့် မလွတ်ကင်းသည့် သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များလှည်းကျင်း၍ မီးရှို့ခြင်းနှင့် မြို့စည်ပင်သာယာရေးဌာနမှ အမှိုက်ကားဖြင့် အမှိုက်များ သိမ်းဆည်းပေးခြင်းတို့ကို တပျော်တပါး စုပေါင်းဆောင်ရွက်ပေးခဲ့ပြီး သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက် ပေးသူများအား မြို့အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနမှ လ္ဘက်ရည်နှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
အဆိုပါသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးခြင်းကို တာလေမြို့အတွင်း အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိပြီး လာမည့်အပတ်တွင်လည်း ကျန်ရှိသည့် အခြေခံပညာကျောင်းများသို့ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)