ပူတာအို မေ ၂၀
ကချင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်သမဝါယမဦးစီးဌာန အဆင့်ဆင့်၏ကြီးကြပ်မှုဖြင့် “ဆန်း"စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်ကပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဝမ်းစာဖူလုံရေးဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေ ကျပ်သိန်း (၃၅၀)ဖြင့် တစ်ရက်လျှင် ပျှမ်းမျှစပါးတန်ချိန်(၁၈)တန်ကြိတ်ခွဲနိုင်သည့် ဆန်စက်အား တည်ဆောက် ပြီးစီးခဲ့ရာ မေ(၁၉)ရက်နေ့လည်ပိုင်းက လက်တွေ့စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ခဲ့ပြီး စပါးများ စတင်ကြိတ်ခွဲမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းဆန်စက်တည်ဆောက်ပြီးစီးခဲ့ခြင်းကြောင့် ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဝမ်းစာဖူလုံရေးအတွက် တစ်ဖက်တစ်လမ်း အထောက်အကူပြုလာမည်ဖြစ်သည်။ ၎င်းဆန်စက်အား ပူတာအိုမြို့ လုံးစွတ်ရပ်ကွက် ပက်ထရိုစက်သုံးဆီအရောင်းဆိုင်အနီးတွင် ဧပြီလ(၁၁)ရက်နေ့မှ စတင်တည်ဆောက်ခဲ့ပြီး ယခုလတွင်တည်ဆောက်ပြီးစီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါဆန်စက်လက်တွေ့စမ်းသပ်မောင်းနှင်စပါးကြိတ်ခွဲနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ “ဆန်း”စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌဦးရယ်ဒမ်းတန်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)