ပုဗ္ဗသီရိ မေ ၁၉
ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၂၀) အခြေခံပညာအထက်တန်း၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်သင်တန်းကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ရာ လျှောက်လွှာများ လက်ခံလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်သင်တန်းကို ဇွန်လ တစ်ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade - 9 အောင်မြင်သူ စိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ပြီး မေလ ၅ ရက်နေ့မှစတင်၍ လျှောက်လွှာများ လက်ခံလျက်ရှိသည်။ ယနေ့ထိ လာရောက်လျှောက်ထားသူ စက်မှုဘာသာရပ်တွင် ကျား ၅၉ ဦး၊ မ ၂၀ ဦး၊ စုစုပေါင်း ၇၉ ဦး၊ စိုက်ပျိုးရေးဘာသာရပ်တွင် ကျား ၁၃ ဦး၊ မ၂၆ ဦး၊ စုစုပေါင်း ၃၉ ဦး၊ မွေးမြူရေးဘာသာရပ်တွင် ကျား ၃ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၅ ဦး လာရောက်လျှောက်ထားပြီး လျှောက်လွှာလက်ခံရက်ကို မေလ ၁၈ ရက်နေ့ထိ နောက်ဆုံးထားလက်ခံပေးရန် သတ်မှတ်ထားသော်လည်း ယခုအခါ မေလ ၃၁ ရက်နေ့အထိ ထပ်တိုးလက်ခံပေးသွားမည်ဟု အမှတ်(၂၀) ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
အဆိုပါ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းကို Grade - 9 အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူမည်သူမဆို လျှောက်ထားနိုင်ပြီး သုံးနှစ်တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းဆင်း အောင်လက်မှတ်ရရှိပါက သက်ဆိုင်ရာဌာနအသီးသီးသို့ အလုပ်လျှောက်ထားနိုင်ခြင်း၊ ပုဂ္ဂလိကလုပ်ငန်းများသို့ လုပ်ငန်းဝင်ရောက်နိုင်ခြင်း ထူးချွန်စွာ အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် တက္ကသိုလ်များကို ဆက်လက်တက်ရောက် ပညာသင်ကြားနိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)