ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်/ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ

မြစ်ကြီးနား မေ ၁၉

ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ထို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ က ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကျန်းမာရေးဝန်ကြီးဌာန ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြရာ ပြည်နယ် ဝန်ကြီးချုပ်က ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းကို ချီးမြှင့်ပေးအပ်ခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မေ ၁၈ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်  (စက်မှုဇုံ)အပိုင်းရှိ ကျောက်မျက်ရတနာ အရောင်းပြခန်း ဧရိယာအတွင်း ပယင်းအချောထည်များ ရောင်းချနေမှုအခြေအနေနှင့် ‌ဈေးရောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးပြီး အရောင်း အဝယ်ဖြစ်ထွန်းမှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် အဆိုပါ ရပ်ကွက်အတွင်းရှိ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား)ပိုင် ဧရိယာအတွင်း ကျောက်မျက်သင်တန်း ကျောင်းဖွင့်လှစ်ရန် လျာထားသည့် မြေနေရာနှင့် လယ်ကွက်များအတွင်း မိုးရာသီရေဝပ်တင်ကျန်လေ့ရှိသည့် အခြေအနေများနှင့် စိုက်ပျိုးရေး မြေများ ပြန်းတီးမှု မရှိစေရေး တောင်သူများအား စည်းရုံးလှုံ့ဆော်ပြီး စိုက်ပျိုးဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်ကုန်းရပ်ကွက်အတွင်း ဗလမင်းထင်သွားလမ်းမှ တပ်ကုန်းရပ်ကွက်နှင့် စီတာပူရပ်ကွက်အတွင်းဖြတ်သန်းသည့် အင်ဂျန်းခချောင်း တစ်လျှောက် ဘေးဝဲ/ယာများရှိ လယ်မြေဧက (၁၇၀)ကျော်အား မိုးစပါးအပါအဝင် တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေလုံလောက်မှုရှိစေရေး ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တူးဖော် ပြီးစီးသည့် ဆိုလာစနစ်အသုံးပြု စက်ရေတွင်း (၁၀)တွင်းတူးဖော်ထားရှိမှု၊ ထပ်မံ တူးဖော်သွားမည့် စက်ရေတွင်း ၁၃ တွင်းအပါအဝင် အင်ဂျန်းခချောင်း ပေ (၁၀၀၀၀) ကျော် ပြန်လည်တူးဖော် ဆောင်ရွက်ထားရှိမှု၊ လယ်မြေဧရိယာတစ်လျှောက် ရေနှုတ်မြောင်း အရှည်ပေ (၈၉၀၀) ထပ်မံတူးဖော် နိုင်ရေးနှင့် လက်တံရေသွင်းမြောင်းများ ပြန်လည်တူးဖော်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က အထွက်တိုးမိုးစပါး အပါအဝင် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေး ရှင်းလင်းပွဲနှင့် ကျွဲနွားအန္တရာယ်ကင်းဝေးရေး ခြံဝင်းခတ်သွားမည့် ကိစ္စရပ် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ဒူဝါဇော်ရစ်လမ်းသို့ သွားရောက်ပြီး ဆွမ်ပရာဘွမ်လမ်းမှ ဆိမ်ဆာ့လမ်းအထိ အလှပန်းပင်များ စိုက်ပျိုးနိုင်ရေး၊ ရေနှုတ်မြောင်းပြုလုပ်နိုင်ရေးနှင့် လမ်းမီးတိုင်များ စိုက်ထူနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)