မိုင်းရှူး အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁) ရက်နေ့မှ (၁၄)ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားမည်ဖြစ်ပြီး မဲဆန္ဒရှင် စာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်း နေပါကပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများ ပြင်ဆင်၊တောင်းဆိုမှု၊ ကန့်ကွက်မှုများကို ကြေညာသည့်နေ့မှ(၁၄)ရက်အတွင်း ဆောင်ရွက်နိုင်ကြောင်း၊ ပုံစံများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်စိစစ်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးရေးအတွက် မဲဆန္ဒရှင် စာရင်းများလာရောက် ကြည့်ရှုရန်၊ နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားခြင်းဖြစ်၍ ပြည်သူများအနေဖြင့် မိမိမဲစာရင်းအမှတ်ကို သေချာမှတ်သားကြရန် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရပ်ကွက်/ကျေးရွာအလိုက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
မိုင်းရှူးမြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၇)အုပ်စု၌ ဒုတိယအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင် စာရင်းတွင် မဲဆန္ဒရှင် ဦးရေ (၅၂,၀၇၁)ဦးရှိပြီး မဲရုံ(၄၅)ရုံ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)