ကျိုက်ထို မေ ၁၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးစေ့(RS-CS) ထုတ်လုပ်ခြင်းဆိုင်ရာနည်းပညာ သင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာရွာလယ် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပို့ချခဲ့သည်။
သင်တန်းပို့ချရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးဝင်းဗိုလ်က ၂၀၂၃ ခုနှစ် ကျိုက်ထိုမြို့နယ်အနေဖြင့် တောင်သူများ၏ မျိုးကောင်းမျိုးသန့် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းသင်တန်းကိုပို့ချရခြင်းဖြစ်ကြောင်း၊ တောင်သူများကိုယ်တိုင်မျိုးစေ့ထုတ်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်တတ်စေရန်၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးသည့်အတွက် အထွက်နှုန်းကောင်းမွန်၍ ဝင်ငွေတိုးပွာလာစေရန်သင်တန်းပို့ချခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ကျိုက်ထိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်အိအိအောင်က သင်တန်းကို Projector ဖြင့် ရှင်းလင်းပို့ချခဲ့ရာ တောင်သူများကိုယ်စားကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းညွန့်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ တောင်သူ(၂၀)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ တစ်ရက်တာသင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)