မူဆယ် မေ ၁၉
၂၀၂၃ခုနှစ် မေလ(၁၄)ရက်နေ့နှင့် မေလ(၁၅)ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းရှိ ကမ်းရိုးတန်းဒေသများနှင့် ကုန်းတွင်းအလယ်ပိုင်းတို့၌ ရိုက်ခတ်သွားသော သဘာဝမုန်တိုင်းအန္တရာယ်နှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့်နေရာများအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာချစ်ကြည်ရေးအသင်းမှ လှူဒါန်းထောက်ပံ့ပေးသော ကူညီကယ်ဆယ်ရေးပစ္စည်းများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ ဝင်/ထွက်ဂိတ်ဖြစ်သော မန့်ဝိန်းဂိတ်မှတဆင့် ပို့ဆောင်ပေးခဲ့ပြီး ယမန်နေ့ နံနက်(၉း၀၀) အချိန်က လှူဒါန်းပစ္စည်းများ လက်ခံရရှိခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံသို့ မိုခါမုန်တိုင်းအန္တရာယ် ရိုက်ခတ်မည်ဟု အိမ်နီးချင်းနိုင်ငံများမှ သိရှိရ၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာချစ်ကြည်ရေးအသင်းမှ အသင်းတာဝန်ခံ ဟွမ်မြေဖိန့် ကြီးမှူးဆောင်ရွက်ခဲ့ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့သို့ (၁၂.၅.၂၀၂၃)ရက်နေ့တွင် လာရောက်လှူဒါန်းခဲ့ပြီး ယမန်နေ့ (၁၈.၅.၂၀၂၃)ရက်နေ့တွင် မန့်ဝိန်းနယ်စပ်ဂိတ် (မူဆယ်)မှ လုပ်ထုံးလုပ်နည်းနှင့်အညီ လက်ခံရယူရေးအတွက် ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ လှူဒါန်းပစ္စည်းများကို မူဆယ်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့်တကွ သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိကြသူများက ကြည့်ရှုစစ်ဆေးပြီး လက်ခံရယူခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာချစ်ကြည်ရေးအသင်းမှ မြန်မာနိုင်ငံ သဘာဝဘေးသင့်ပြည်သူများအတွက် ယားနာပျောက်ဆေး(၄၀၀)ဘူး၊ တရုတ်အားဆေး(၄၀၀)ဘူး၊ လိမ်းဆေး(၂၅၀)ဘူး၊ အကိုက်အခဲပျောက်ဆေး(၂၀၀)ဘူး၊ အဖျားပျောက်ဆေး(၂၄၀)ဘူး၊ ကယ်ဆယ်ရေးအရေးပေါ်အိတ်(၅၀)ခု၊Nongfu Mineral Water-၅၅၀ml ၁ ထုပ်လျှင် ၂၄ ဘူးပါ (၆၀၀)ထုပ်၊ ကြက်မှိုခေါက်ဆွဲ-၁၀၂ဂရမ် ၁ ထုပ်လျှင် ၁၂ ဘူးပါ (၄၀၀)ထုပ်နှင့် အရေးပေါ် ကယ်ဆယ်ရေးရွက်ဖျင်တဲ-အကျယ်အဝန်း ၃.၂ မီတာ×၃.၇မီတာ (၂၀)ခု လှူဒါန်းခဲ့ပြီး စုစုပေါင်းတန်ဖိုး မြန်မာငွေ (၄၁၃,၀၀၀၀၀)ကျပ် ကျော်ခန့်ရှိသော ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ပို့ဆောင်လှူဒါန်းခဲ့ကြောင်း သိရပါသည်။
ခရိုင်(ပြန်/ဆက်)