မိုင်းယောင်း မေ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင်စက်ရုံ ပြုပြင်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။
မိုင်းယောင်းမြို့တွင် အောက်ဆီဂျင်စက်ရုံသည် ခံနိုင်ဝန်အားမမျှ၍ ရပ်နားထားခဲ့ရာ ယခုအခါ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပြီး စတင်လည်ပတ်နေပြီ ဖြစ်သဖြင့် မိုင်းယောင်းမြို့နယ်တွင် အောက်ဆီဂျင်အတွက် အဆင်ပြေချောမွေ့အသုံးပြုနိုင်ပြီဖြစ်သည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံသည် အလျားပေ ၄၀၊ အနံပေ ၃၀ အကျယ်ရှိကာ တစ်ရက်လျှင် ၄၀ လီတာအိုး အလုံး ၂၀ ဖြည့်တင်းနိုင်သော အောက်ဆီဂျင်ပလန့်ကို ရှမ်းပြည်နယ်အစိုးရမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်သူ့ဆေးရုံဟောင်းတွင် အမိုးနှင့်မျက်နှာကျက်များ ပြုပြင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)