တပ်ကုန်းမြို့၌ လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ်အသိပညာပေး (Talk Show) ဆောင်ရွက်

တပ်ကုန်း မေ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်တို့ ပူးပေါင်း၍ လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ်အသိပညာပေး (Talk Show)အစီအစဉ်ဆောင်ရွက်ခြင်းကို ယနေ့ နေ့လယ် ၁၂ နာရီက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။

အဆိုပါ (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ ရဲအုပ် ဟန်ဇော်တို့က လူကုန်ကူးမှုများပေါ်ပေါက်လာပုံ၊ လူကုန်ကူးမှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများ၊ လူကုန်ကူးသူများ အသုံးပြုသော နည်းလမ်းများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များ စသည့် မေးခွန်းတို့ကို ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ယနေ့ဆွေးနွေးဆောင်ရွက်ခဲ့သည့် လူငယ်နှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး (Talk Show) အစီအစဉ်အပြည့်အစုံကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်   Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်