မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မိုး/မိုးနှောင်းရာသီ၌ ဒေသခံတောင်သူများ ဝါမျိုးကောင်း မျိုးသန့်စိုက်ပျိုးနိုင်ရေး စိုက်ဧက ၂၆၀ အတွက် ရွှေတောင်-၁၀ ဝါမျိုးစေ့များ အခမဲ့ဖြန့်ဝေ

မိတ္ထီလာ မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် မိုး/မိုး​နှောင်းရာသီ၌ ဒေသခံတောင်သူများ ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး စိုက်ဧက ၂၆၀ အတွက် ရွှေတောင်-၁၀ ဝါမျိုးစေ့များ အခမဲ့ဖြန့်ဝေခြင်းကို မေလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၀မိနစ်အချိန်က အိုင်ကြီးလည်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးက မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေး  စိုက်ပျိုးရေးဦးစီးဌာနမှ ချည်မျှင်ရှည်ဝါမျိုးကောင်း မျိုးသန့် မျိုးစေ့များ အခမဲ့ဖြန့်ဝေပေးခြင်း၊ နည်းပညာများပံ့ပိုးပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒေသခံတောင်သူများကလည်း အမှန်တကယ် ချည်မျှင်ရှည်ဝါများ အထွက်နှုန်းကောင်းမွန်စေရေး စိုက်ပျိုးရေးဦးစီးဌာန၏ ညွန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒါမှသာ ချည်မျှင်ရှည်ဝါများ အထွက်နှုန်းကောင်းမွန်ပြီး လူမှု့စီးပွားဘဝဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းဗိုလ်က ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) စိုက်ပျိုးရာတွင် လိုက်နာရဆောင်ရွက်ရမည့် စိုက်နည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးနှင့် တာဝန်ရှိသူများက ဝါစိုက်တောင်သူများအား ဝါမျိုးစေ့ အိတ်များပေးအပ်ခဲ့ရာ ကျေးရွာတောင်သူများကိုယ်စား တောင်သူ ဦးခိုင်ရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။

အဆိုပါပေးအပ်ပွဲတွင်   ဝါးရုံကျေးရွာအုပ်စုအတွင်းရှိ  အိုင်ကြီးလည်ကျေးရွာမှ တောင်သူ ၄၅ ဦး၏ စိုက်ဧက ၁၀၇ ဧကနှင့် ဖိုးမိုးကုန်းကျေးရွာမှ တောင်သူ ၅၈ ဦး၏ စိုက်ဧက ၁၅၃ ဧကတို့အတွက် ဝါစိုက်ဧက တစ်ဧကလျှင် ချည်မျှင်ရှည်ဝါ ရွှေတောင် -၁၀ ဝါမျိုးစေ့ ၃ ပိဿာ အိတ် တစ်အိတ်နှုန်းဖြင့် စိုက်ဧက ၂၆၀ အတွက် ချည်မျှင်ဝါမျိုးစေ့အိတ် ၂၆၀ အိတ်တို့ကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)