နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

နမ္မတူ မေ ၁၉

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးတွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ တီထွင်ကြံဆမှု မြင့်မားလာစေရန်နှင့် အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအသီးသီးတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်ထံက သိရသည်။

လူမော် (ပြန်/ဆက်)