မိုင်းခတ် မေ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကို မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်းက သဘာဝဘေးများဖြစ်သည့် မုန်တိုင်းဘေး၊ ရေဘေး၊ လေပြင်းဘေးများကြောင့် ပျက်ဆီးဆုံးရှုံးမှုများ လျော့ချနိုင်ရေး အများပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများ၊ သတိပြု ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းကျရောက်ပြီးပါက လိုက်နာဆောင်ရွက်သင့်သည့် အချက်များအကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ကြေညာသော မုန်တိုင်းဘေးအန္တရာယ်သတင်းများကို အစဉ်မပြတ်ကြည့်ရှု နားထောင်ကြရန်လိုကြောင်း၊ သတင်းအမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စေရေး အကြောင်းအသိပညာပေး ဟောပြောခဲ့ကြသည်။
ဟောပြောပွဲအခမ်းအနားသို့ ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်း၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးနိုင်၊ မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းဆိုင်လွန်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြပြီး သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်