ပျဉ်းမနားမြို့၌ အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ထိုးနှံပေး

ပျဉ်းမနား မေ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များ ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ ဆေးထိုးစုရပ်များ၌ ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြသည်။

ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ နှင့် ရပ်ကွက်/ကျေးရွာများရှိ အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရပ်ကွက်၊ ကျေးရွာများရှိ ဆေးထိုးစုရပ်များတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)များ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်၍  ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဆေးလာရောက် ထိုးနှံမည့် အများပြည်သူများအနေဖြင့် ယခင်ဆေးထိုးလက်မှတ်မှတ်တမ်းများ ယူဆောင်လာပြီး လာရောက် ထိုးနှံနိုင်ပါကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

မျိုးသီဟ(ပြန်/ဆက်)