မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း (Mask)များ ချက်ချင်းဝယ်ချက်ချင်းတပ်စနစ်ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်

မိုင်းပန် အောက်တိုဘာ ၇

လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၆ နာရီ အချိန်က လူသွားလူလာများသည့် လမ်းဆုံလမ်းဂွနေရာများ၊ စည်ပင်သာယာမြို့မစျေးကြီးရှေ့၊ မြို့အဝင်စစ်ဆေးရေးဂိတ်နှင့် မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော ပြည်သူများ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်းရှိ/မရှိကိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ကြောင်း သိရသည်။   

ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား  နှာခေါင်းစည်း  (Mask) တပ်ဆင်ပြီး သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များ  စည်းကမ်းချက်များနှင့်အညီ  ပြည်သူများ လိုက်နာနေထိုင်သွားလာမှုရှိစေရေးအတွက် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိစေရေး အသိပညာပေးပြီး နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်း မရှိသူများအား အရေးယူဆောင်ရွက်သည့် အနေဖြင့် (Mask) တစ်ခုကို ငွေကျပ် (၅၀၀) နှုန်းဖြင့် (၂)ခုဝယ်စေပြီး ချက်ချင်းဝယ် ချက်ချင်း တပ်ဆင်စေခဲ့ကြောင်း သိရသည်။

ရွှေစင်(မိုင်းပန်)