ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာ စာရေး ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်

​ကျောက်ဆည် အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာများတွင် တာဝန်ထမ်းဆောင်နေသော စာရေးဝန်ထမ်းများ အား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ငွေများထပ်ဆင့်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က နိုင်ငံတော်မှ ရပ်ကွက်၊ ကျေးရွာ စာရေးဝန်ထမ်းများအပေါ် အလေးထားဆောင်ရွက်ပေးသလို ဝန်ထမ်းများဘက်မှ လည်း ပေးအပ်လာသော တာဝန်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး နည်းလမ်းများအတိုင်း ကျေပြွန်စွာ ဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာရေးတစ်ဦးလျှင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ် သည့် ငွေကျပ်တစ်သိန်းစီးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းတို့က ဝန်ထမ်းတစ်ဦးချင်းစီအား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများသည် ရပ်ကွက်၊ ကျေးရွာ စာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်၁၉-ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် ပြည်သူများ အား အသိပညာပေးခြင်း၊ လှည့်လည်ကြေညာပေးခြင်း၊ အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရန်အတွက် စာရင်းများပြုစုပေးခြင်း၊ အထွေထွေ ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်းများ ကောက်ခံခြင်း၊ စသည့်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးရခြင်းကြောင့် နိုင်ငံတော်မှ ထောက်ပံ့ငွေ များ ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရပြီး စာရေးဝန်ထမ်းတစ်ဦး အတွက် ထောက်ပံ့ငွေ(၁)သိန်းကျပ်နှုန်းဖြင့် ငွေကျပ်(၉၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)