ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ  အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်

 ကျောက်ဖြူ  မေ ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့မှ ပါရဂူများ၊ အထွေထွေရောဂါကုသမှု ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများအား ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ခွဲစိတ်အထူးကုပါရဂူ ဗိုလ်ကြီးထင်လင်း၊ အထွေထွေရောဂါကုသမှုဆရာဝန် ဗိုလ်ကြီးကျော်စံဝင်းနှင့် သူနာပြုများပါဝင်သည့်အဖွဲ့သည် ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်ရှိ မိုခါမုန်တိုင်းလေပြင်းဒဏ် ခံစားခဲ့ရသော ပြည်သူများအား ဆေးကုသမှုအခက်အခဲမရှိစေရန်အတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ သွားနှင့်ခံတွင်းရောဂါခံစားနေရသူများ၊ မျက်စိဝေဒနာ ခံစားနေရသူများ၊ နာမကျန်းဖြစ်နေသူများနှင့် ကလေးသူငယ်များမှ လာရောက်၍ ဆေးကုသမှု ခံယူလျက်ရှိပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆရာဝန်များနှင့်တာဝန်ရှိသူများက လိုအပ်သည့် ဆေးဝါးများနှင့် ဆေးကုသပေးမှုများကို (အခမဲ့) ဆောက်ရွက်ပေးလျက်ရှိသည်။ အလားတူ ယမန်နေ့နံနက်ပိုင်းကလည်း အဆိုပါ နယ်လှည့် ဆေးကုသရေးအဖွဲ့သည် ငလပွေ့ရပ်ကွက်ရှိ မုန်တိုင်း ဘေးဒဏ်ခံရသည့် ပြည်သူများအား ‌ကျန်းမာရေးစောင့် ရှောက်မှုများ ပေးထားပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ယင်းသို့ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ရာသို့ ကျောက်ဖြူတပ်နယ်ဗျူဟာမှူး၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ဝင်များမှ လှည့်လည်ကြည့်ရှုပြီး အားပေးစကားများပြောကြားကာ လူတစ်ယောက်လျှင် (၇)ရက်စာ အမယ်(၅)မျိုးပါရှိသည့် ဆန်ရိက္ခာထုတ်နှင့် Nay Pyi Taw ရေသန့် တစ်ကဒ်စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)