မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သေဒေသများအား ကူညီ ထောက်ပံ့ပေးရန်အတွက် မိုးကောင်းမြို့၌ ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ

မိုးကောင်း မေ ၁၉

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သော ဒေသများအား ကူညီထောက်ပံ့ပေးရန်အတွက် ကချင်ပြည်နယ်၊ မိုးကောင်းမြို့ မဟာသမယကျောင်းတိုက်၌ ယနေ့နံနက် (၁၀)နာရီတွင် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး မဟာသမယကျောင်းတိုက် ဆရာတော်ဘုရားထံ ငါးပါးသီလ ခံယူတည်ဆောက်ကြသည်။

ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌမှ တာဝန်ခံ၍ အလှူခံထားရှိပြီး ထောက်ပံ့လှူဒါန်းခဲ့ကြသော ဦးမောင်ကြီးဇနီး ဒေါ်တင်တင်အုန်း၊ သားမောင်စိုးလှိုင်မြင့်၊ မြင့်ထွန်းဦး ကျောက်စိမ်း ကျောက်မျက်ကုမ္မဏီလီမိတက်မိသားစုမှ ကျပ်သိန်း (၅၀)၊ ဈေးကုန်း ရပ်ကွက်နေ ဦးညွှန့်အောင်နှင့်ဇနီး ဒေါ်သန်းသန်းမြင့်မိသားစုမှ ကျပ်သိန်း(၂၀)၊ ကိုစိုးလှိုင်ဦးနှင့်ဇနီး မရတနာခင် မိသားစု(ရန်ကုန်)မှ ကျပ်(၁၅)သိန်းနှင့် ကိုစိုးနိုင်ထွန်းဇနီး မခင်ခက်ခက်ခိုင် မိသားစု (ရန်ကုန်)မှ ကျပ်(၁၅)သိန်း စုစုပေါင်းကျပ်သိန်း(၁၀၀)အား အလှူရှင်များက မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသောဒေသများ ပြန်လည်ထူထောင်ရေးအတွက် မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက် မြို့မစည်ပင်သာယာဈေးအနီး၌ အလှူခံဌာန ဖွင့်လှစ်ထားရှိပြီး စေတနာ အလှူရှင်များ လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)