ဇမ္ဗူသီရိမြို့နယ်၌ နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး

ဇမ္ဗူသီရိ မေ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် အခြေခံအားကစားသင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ တိုးတက်ပြီး ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်အတွင်းရှိ ပရဟိတဂေဟာများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဇမ္ဗူသီရိမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းမမဦးနှင့် သင်တန်း နည်းပြ ၁၂ ဦးတို့က တိုက်ကွမ်ဒို၊ ဘောလုံး၊ မြန်မာ့သိုင်း၊ ဘောလီဘော၊ အေရိုးဗစ်နှင့် ပိုက်ကျော်ခြင်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ တိုက်ကွမ်ဒိုတွင် သင်တန်းသား ၅၀ ဦး၊ ဘောလုံးတွင် သင်တန်းသား ၆၀ ဦး၊ ဘောလီဘောတွင် သင်တန်းသား ၃၀ ဦး၊ မြန်မာ့သိုင်းတွင် သင်တန်းသား ၃၀ ဦး၊ အေရိုးဗစ်တွင် သင်တန်းသား ၇၀ ဦးနှင့် ပိုက်ကျော်ခြင်းတွင် သင်တန်းသား ၃၀ ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ မေလ ၅ ရက်နေ့မှ မေလ ၂၄ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)