မိုင်းယု မေ ၁၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မူလတန်းအဆင့်ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေးအတွက် အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြသမှုကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာက မိမိတို့၏ ကလေးငယ်များ ငယ်စဉ်အခါမှစ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်လာကာ စာဖတ်သည့် အလေ့အကျင့်ကောင်းများ၊ ပြောရဲဆိုရဲသည့် သတ္တိ၊ ဉာဏ်ရည်ဉာဏ်သွေး၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အနာဂတ်တွင် ထူးချွန်ထက်မြတ်သည့် လူထူးလူချွန်လေးများ ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကလေးငယ်များအား ဉာဏ်စမ်းပြိုင်ပွဲများဖြစ်သည့် အရာဝတ္ထုများ၏ စာလုံးပေါင်း သတ်ပုံရေးခြင်း၊ အရုပ်ဆက်ကစားခြင်းနှင့် ပူစီပေါင်းဖောက်ခြင်း စသည့် ကစားနည်းများကို စုပေါင်းပြုလုပ်ပေးရာ ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြပြီး အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်