လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး  မေ  ၁၉

ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အတွင်းအချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရေး၊ လူအများရှေ့တွင်ပြောရဲဆိုရဲရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်နှီးကျွမ်းကျင်မှုရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးတွံတေးခရိုင်၊ ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က စာပေချစ်မြတ်နိုးသူများအနေဖြင့် အသက်အရွယ်အလိုက်စာအုပ်စာပေလေ့လာဖတ်ရှုပြီး ဗဟုသုတအတွေးအမြင်များရရှိစေရန် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခြင်းကြောင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Book Club အသင်းမှအဖွဲ့ဝင်ဒေါ်တင်သန်းကစာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် လူငယ်နဲ့အခွင့်အလမ်းစာအုပ်ထဲမှ အဆိုးနဲ့အကောင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအသင်းမှ ကိုရာဇာစိုးက အောင်မြင်မှုရယူခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးသူကဘဝထဲက သင်ခန်းစာခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ Book Club အသင်းမှအဖွဲ့ဝင်ဒေါ်တင်သန်းက လောကကြီးမှာရှိကြတဲ့သူသူငါငါလူတွေဟာ တစ်ဦးနဲ့တစ်ဦး ကြားမှာ ဘာမှကြီးကြီးကျယ်ကျယ်ကွာခြားလှတာမရှိပါဘူး၊ လူလူချင်းကျန်တာတွေကဘလိတ်ဓား အသွားပါးပါးလေးလောက်ပဲကွာခြားကြောင်း၊ လူတွေဟာမဆိုစလောက်လေးကွာတာလေးနဲ့ပဲ အောင်မြင်ခြင်းနဲ့ရှုံးနိမ့်ခြင်းခြားနားသွားကြောင်း၊ စာမေးပွဲရမှတ်တစ်မှတ်ကွာတာနဲ့ဂုဏ်ထူးပါခြင်း၊ မပါခြင်းကွဲပြားခြားနားသွားကြောင်း၊ အောင်မြင်ခြင်းနဲ့ရှုံးနိမ့်ခြင်းဟာအများကြီးကွာဝေးနေတာမဟုတ်ကြောင်း၊ ဘလိတ်ဓားသွားလိုမဆိုစလောက်ကလေးဆိုတာကို လူတော်တော်များများက သတိမထားမိကြောင်းဒီအချက်ကို လူငယ်တွေကြိုတင်သိမြင်ထားသင့်ကြောင့်နှင့် စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်း အရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ