တာမွေ မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်စေရေးနှင့် ရောဂါကွင်းဆင်းပြတ်တောက်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(စျေးများနှင့်ကုန်စည်ပွဲရုံများဌာန)၏စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ ပါးစပ်/နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ဆက်လက်လိုက်နာနိုင်ကြစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်ရာတွင် စျေးရောင်းချနေသူများ၊ စျေးလာရောက်ဝယ်ယူကြသူများ၊ လမ်းသွားလမ်းလာများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား စျေးရောင်း/ စျေးဝယ် ပြုလုပ်ကြရာတွင် နှာခေါင်းစည်း(Mask )နှင့် မျက်နှာကာ(Face shield)များ တပ်ဆင်ပြီးမှ စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရန်၊ နေအိမ်ပြင်ပမှ ပြန်လာသည့်အခါတိုင်းနှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကိုလက်သန့်ဆေးရည်(သို့)လက်ဆေးဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ပြောဆိုဆက်ဆံ/ ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာစားသောက်ကြရန်စသည်ဖြင့် အသိပညာ ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် စည်ပင်သာယာစျေး(၇)စျေးရှိပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်းရှိ စျေးများ၌ စျေးအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသလို မြို့နယ်အတွင်းရှိ စျေးများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်လည်း စဉ်ဆက်မပြတ် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာသည့်အခါနှင့် စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရာတွင် ပါးစပ်/နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အမူအကျင့်များ လျော့နည်းလာသည့်အတွက် ယခုလို မြို့နယ်အတွင်းရှိ စျေးများနှင့် လူအသွားအလာများသည့် နေရာများတွင် နှာခေါင်းစည်း(Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)