ခရမ်း မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ခရမ်းမြို့ စိုက်ပျိုးရေးဦးစီးဌာန ရုံးအစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရမ်းမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနမြို့နယ်ဉီးစီးမှူးဦးဌေးမောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးဦးစည်သူအောင် ဌာနဆိုင်ရာများ၊ မိုးစပါးစိုက်ပျိုးမည့် တောင်သူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာခရမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဌေးမောင်က သစ်စိမ်းမြေဩဇာများသည် ပဲမျိုးနွယ်ဝငအပင်များဖြစ်ပြီး သစ်ဆွေးဓာတ်ပျမ်းမျှ ၆၅% ခန့် ပါဝင်၍ ဆွေးမြေ့မှု မြန်ကာ မြေတွင် အဓိက နိုက်ထရိုဂျင်ဓာတ်နှင့် သစ်ဆွေးဓာတ်များ ရရှိစေကြောင်းပြောကြားခဲ့ပြီး ပိုက်ဆံလျှော် သုံးစွဲခြင်းဖြင့် ကမ္ဘာမြေအတွက် အကျိုးကျေးဇူးများစွာ ရရှိမှာ ဖြစ်ကြောင်း၊ ပိုက်ဆံလျှော်မှ သစ်စိမ်းမြေဩဇာအဖြစ် ရရှိလာသော အာဟာရတန်ဖိုးမှာလည်း နိုက်ထရိုဂျင် ၂.၆၆%၊ ဖော့စ်ဖရပ် ၀.၄၀%၊ ပိုတက်ရှ် ၁.၉၁%၊ သစ်ဆွေးဓာတ် ၅၆% ရရှိစေ ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တောင်သူများအား တစ်ဧကလျှင် တစ်ဦး (၄)ပြည်နှုန်းနှင့် သစ်စိမ်းမြေဩဇာ ပြည်(၁၀၀)ကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ရပ်ကွက်/ကျေးရွာ နေတောင်သူများနှင့် အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ခရမ်း )