ကျောက်ပန်းတောင်း မေ ၁၉
မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲကို၊ မေလ(၁၉)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို၊ မေလ(၁၅)ရက်နေ့ နံနက်က စတင်ဖွင့်လှစ်ခဲ့ကြောင်းနှင့် ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် နည်းပြသင်တန်းတက်ရောက်ခဲ့ကြသည့် ဝန်ထမ်း(၅)ဦးက ဆင့်ပွားပြန်လည် ပို့ချသင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။ သင်တန်းဆင်းပွဲတွင် မြို့နယ်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ ဒေါ်နှင်းနှင်းဝေက သင်းတန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး၊ သင်တန်းသား/သင်တန်းသူ ကလေးငယ်များအား အချိုရည်နှင့်မုန့်များပေးဝေကြသည်။ သင်တန်းဆင်းပွဲသို့ မြို့နယ်မိသားစု စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းတွင် ကလေးငယ်များအတွက် ဗဟုသုတဖြစ်စေရန်နှင့် လိုက်နာ ကျင့်ကြံတတ်စေရန်အတွက်၊ ဗုဒ္ဓဝင်အကျဉ်း၊ (၃၈)ဖြာ မင်္ဂလာ၊ ဩကာသရှင်းတမ်း၊ ဘုရားရှစ်ခိုးနည်း၊ (၅)ပါးသီလအကြောင်းနှင့် သုစရိုက်/ ဒုစရိုက်အကြောင်းများကို သင်ကြားပေးခဲ့ကြောင်း သင်တန်း နည်းပြဆရာ ဦးသန်းထိုက်က ပြောပါသည်။
အဆိုပါ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို မြို့မရပ်ကွက်မူလတန်းလွန်ကျောင်း၊ မြို့မတောင် မူလတန်းကျောင်း၊ ဈေးကွက်သစ်ရပ်ကွက် မူလတန်းလွန်ကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၇၀)ဦး တက်ရောက်ခဲ့ကြကြောင်းသိရပြီး၊ သင်တန်းကာလ(၅)ရက်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)